ဗျာဒိတ်ကျမ်း အခန်းကြီး (၂၀)


၁တဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့်သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကိုငါမြင်၏။ ၂ရှေးမွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကို ကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ ၃အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံး သောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန်ခဏလွှတ်ရဦးမည်။

၎ပလ္လင်များကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင်ရသောအခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍၊ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကိုငါမြင်၏။ သူတို့သည် အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော် နှင့်အတူ စိုးစံရကြ၏။ ၅ကြွင်းသောလူသေတို့သည် ထိုအနှစ် တထောင်မကုန်မီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမထမြောက်ခြင်းဖြစ်သတည်း။ ၆ပဌမထမြောက် ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက်၊ ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍၊ အနှစ်တထောင် ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။

၇ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည်ထောင်ထဲက လွတ်သောအခွင့်ကိုရ၍၊ ၈အရေအတွက် အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီးလေးမျက်နှာပေါ်မှာ နေသောလူအမျိုးမျိုး တို့ကို လှည့်ဖြားအံ့သောငှါ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှါ၎င်း တက်လိမ့်မည်။ ၉ထိုသူများတို့သည် မြေကြီး မျက်နှာပေါ်သို့တက်၍၊ သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ ချစ်ဘွယ်သောမြို့ တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့် အထံတော်၊ ကောင်းကင်မှမီးကျ၍ သူတို့ကိုမျိုလေ၏။ ၁ဝသူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်း သားရဲနှင့် မိစ္ဆြွာပရောဖက်ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။

၁၁တဖန်တုံ၊ ဖြူသောပုလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။ ၁၂သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါးသောစာစောင် ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ ၁၃သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကိုအပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ၁၄ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။ ၁၅အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။