ဗျာဒိတ်ကျမ်း အခန်းကြီး (၁၄)


၁ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်း တော်၏ နာမကို နဖူး၌အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူရှိကြ၏။ ၂သမုဒ္ဒရာရေသံ၊ ကြီးစွာသောမိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်ကအသံကို ငါကြား၏။ ထိုသို့ငါကြားသော အသံသည် စောင်းသမား များစောင်းတီးသော အသံကဲ့သို့ဖြစ်၏။ ၃ပလ္လင်တော်ရှေ့၌၄င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၄င်း၊ သူတို့သည် အသစ်သောသီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်း လေးထောင်မှတပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။ ၄ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသောသူဖြစ်ကြ၏။ သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့အထဲကရွေးနှုတ်၍ ဘုရားသခင် နှင့် သိုးသငယ်အဘို့ အဦးသီးသောအသီးဖြစ်ကြ၏။ ၅အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။

၆မြေကြီးပေါ်မှာနေသောသူတည်း ဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုး အနွှယ် ခပ်သိန်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ၇ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ ၈ကောင်းကင်တမန်တပါးကလည်း၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ မိမိမတရားသောမေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏။ ၉ထိုမှတပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊  သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ၁ဝထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ၁၁ထိုညှဉ်းဆဲခြင်း၏ မီးခိုး သည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။ သားရဲနှင် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဥ့်မပြတ်သက်သာမရကြဟု လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။ ၁၂ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာ အကြောင်းရှိ၏။ ၁၃တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏အကျင့် တို့သည်လည်း သူတို့နှင့်အတူလိုက်ကြ၏ ဟုမိန့်တော်မူ၏။

၁၄တဖန် ငါကြည့်လျှင်၊ ဖြူသောမိုဃ်းတိမ်ရှိ၏။ လူသားတော်နှင့်တူသော သူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သောတံစဉ်ကိုကိုင်လျက်၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်တော်မူ၏။ ၁၅ကောင်းကင် တမန် တပါးသည် ဗိမာန်တော်ထဲကထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကိုရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ၊ မြေကြီး၌ ရိပ်စရာစပါးမှည့်ပါပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့်ဟစ်လေ၏။ ၁၆မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပါးကို ရိတ်တော်မူ၏။ ၁၇ကောင်းကင် တမန်တပါးသည် ကောင်ကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်းထက်သောတံစဉ်ပါ၏။ ၁၈မီးကို အစိုးရသော ကောင်းကင်တမန်တပါးသည် ယဇ်ပလ္လင် ထဲကထွက်၍ ထက်သောတံစဉ်ပါသောသူကို ကြီးစွာသောကြွေး ကြော်ခြင်းနှင့် ခေါ်လျက် သင်၏ထက်သာ တံစဉ်ကို လွှတ်၍ မြေကြီး၏စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။ ၁၉ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင် အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့ ချလေ၏။ ၂ဝမြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍ အသွေးသည် တဆယ်ခြောက်ယူဇနာခရီး တလျောက်လုံး၌ မြင်းဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာ ထဲကထွက်လေ၏။