ဗျာဒိတ်ကျမ်း အခန်ကြီး(၉)


၁ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည် ကိုငါမြင်၏။ သူ၌အနက်ဆုံးသောတွင်း၏ သော့ကိုအပ်ပေးသည်ဖြစ်၍၊ ၂သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသောမီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်းထဲကတတ်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။ ၃ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍၊ မြေကင်း မြီးကောက် တန်ခိုးကဲ့သို့သောတန်ခိုးကိုရကြ၏။ ၄မြေ၏ မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသောလူတို့ကိုသာ ညှဉ်းဆဲမည် အကြောင်းသူတို့အားပညတ် ထား၏။၅တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကို ကားသတ်ရသောအခွင့်မရှိ။ ငါလပတ်လုံးပြင်းစွာသော ဝေဒနာဖြစ်စေ သောအခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။

၆ထိုနေ့ရက်ကာလ၌လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ အလွန်သေချင် သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။ ၇ထိုကျိုင်းကောင်းတို့၏ အဆင်းသဏ္ဍန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဍန်နှင့်တူ၏။ ခေါင်းပေါ်မှာ ရွှေသရဖူကိုဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။ ၈ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်းခြင်္သေ့သွားကဲ့သို့ဖြစ်၏။ ၉ရင်အုပ်တန်ဆာသည် သံရင်အုပ် တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ် သော အသံသည် စစ်တိုက်၍ပြေးလာသော မြင်းရထား အများ၏ အသံကဲ့သို့ ဖြစ်၏။ ၁ဝအမြီးသည် ကင်းမြီးကောက် နှင့်တူ၏။ အမြီး၌လည်းဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံးညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။ ၁၁သူတို့၏ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန် ဟူ၍၄င်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍၄င်း ခေါ်ဝေါ်သော အနက်ဆုံး သောတွင်းတမန်ဖြစ်၏။ ၁၂အမင်္ဂလာတပါးလွန်ပြီ။ ထိုနောက်မှ အမင်္ဂလာနှစ်ပါးလာလေဦးမည်။

၁၃ဆဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့် ရှေ့တော်၌ရှိသော ရွှေယဇ် ပလ္လင်၏ ချိုလေးချောင်းထဲကထွက်သော အသံကား၊ ၁၄ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန် လေးပါးကိုလွှတ်လော့ ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ ၁၅ထိုအခါ လူသုံးစု တစုကိုအသေသတ်ခြင်းငှါ၊ တနာရီ၊ တရက်၊ တလ၊ တနှစ်အဘို့ပြင်ဆင် သောကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။ ၁၆မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။

၁၇ထိုအတူဗျာဒိတ်ရူပါရုံ၌ထင်ရှားသောမြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ဝှါကိသုကျောက်နှင့် ပြီးသောရင်အုပ် တန်ဆာ ရှိသော မြင်းစီးသူရဲတို့ကို၎င်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၏။ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။ ၁၈သူတို့၏ ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစုသေကြ၏။ ၁၉အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌၄င်း၊ အမြီး၌၄င်း တည်၏။ အမြီးသည် ခေါင်းနှင့်ပြည့်စုံ၍ မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှဉ်းဆဲတတ်ကြ၏။ ၂ဝထိုဘေးဒဏ်ကြောင့် မသေဘဲကြွင်းသော လူတို့သည်နတ်တို့ကို၎င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကို၎င်း မကိုးကွယ်ဘဲနေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများကိုနောင်တမရဘဲနေကြ၏။ ၂၁ကိုယ်ကျင့်သော အကျင့်တည်း ဟူသောလူအသက်ကို သတ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ အမှုများကိုလည်နောင်တ မရဘဲနေကြ၏။