မာကု အခန်းကြီး (၁၀)


၁ထိုအရပ်မှ ကိုယ်တော်သည်ထ၍ ယော်ဒန်မြစ်တဘက်ကို ရှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌ စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တဖန် ဆုံးမသြဝါဒ ပေးတော်မူ၏။ ၂ဖာရိရှဲတို့သည် အထံတော်သို့လာ၍၊ လူသည် မိမိမယားနှင့်ကွာအပ်သလောဟု စုံစမ်းနှောင့် ရှက်ခြင်းငှါ မေးလျှောက်ကြသော်၊ ၃ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့စီရင်သနည်းဟု လှန်၍ မေးတော်မူလျှင်၊ ၄သူတို့က၊ ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှါ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။ ၅ယေရှုကလည်း၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကိုရေးထားသတည်း။ ၆ဘုရားသခင် ဖန်ဆင်းတော်မူစက ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ၇ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ၈ထိုသူနှစ်ယောက်တို့သည် တသား တကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။ ၉ဘုရားသခင်တွဲဘက်၍ ထမ်းဘိုး တင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။

၁ဝနောက်တဖန် တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။ ၁၁ကိုယ်တော် ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု၏၊ ထိုသူသည် မိမိမယားကိုပြစ် မှား၏။ ၁၂မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောက်ျားနှင့် စုံဘက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။

၁၃ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော် တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။ ၁၄ယေရှုသည် မြင်တော်မူလျှင်အမျက်တော်ထွက်၍၊ ထိုသူငယ် တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။ ၁၅ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော် သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊ ၁၆သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းကြီးပေးတော် မူ၏။

၁၇လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သော ဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက် သော်၊ ၁၈ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။ ၁၉သင်သည် ပညတ်တော်တို့ကိုသိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကိုမတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊ ၂ဝအရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊၂၁ယေရှုသည်၊ ထိုသူကိုကြည်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည်တခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ၂၂ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့်သွားလေ၏။

၂၃ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည် သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။ ၂၄တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် မိန်းမောတွေဝေ ခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါ့သားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။ ၂၅ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။ ၂၆ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင်အဘယ်သူသည် ကယ်တင်တော်မူခြင်း သို့ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။ ၂၇ယေရှုသည်လည်း၊ သူတို့ကိုကြည်ရှု၍၊ ဤအမှုကို လူမတတ် နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော် မူသည်ဟု မိန့်တော်မူ၏။

၂၈ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီဟု လျှောက်လေသော်၊ ၂၉ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသောတပါးပါးကိုစွန့်၏။ ၃ဝထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှင်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကို၎င်း၊ နောင်ဘဝ၌ထာဝရအသက်ကို၎င်း ခံရလတံ့။ ၃၁နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသော သူအများတို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။

၃၂ယေရုရှလင်မြို့သို့တက်သွားကြရာ၊ လမ်းမှာယေရှုသည် တပည့်တော်တို့ရှေ့၌ ကြွတော်မူစဉ်၊ သူတို့သည် မိန်းမောတွေဝေ၍ ကြောင်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါကိုယ်တော်သည် တကျိပ်နှစ်ပါး တို့ကို တဖန်ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ၃၃လူသားသည် ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာ တို့လက်သို့ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်၍ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ ၃၄သူတို့သည်လည်း လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍ မိမိကို၌ရောက်လတံ့ သော အမှုအရာတို့ကို တပည့်တော်တို့အား မိန့်တော်မူ၏။

၃၅ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်သည် အထံတော်သို့ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့ တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။ ၃၆ကိုယ်တော်က ငါသည်သင်တို့ကို အဘယ်သို့ပြုစေချင်သနည်းဟု မေးတော်မူသော်၊ ၃၇ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျာတော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။ ၃၈ယေရှုကလည်း သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သောခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသော ဗတ္တိဇံ ကိုခံခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလော ဟုမေးတော်မူလျှင်၊ ၃၉အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သော ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်၊ ငါခံသော ဗတ္တိဇံ ကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ ၄ဝသို့သော်လည်း ငါ့လက်ျာဘက် လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလိုငှါ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။

၄၁အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့်ယောဟန်တို့ကို အမျက်ထွက် ကြ၏။ ၄၂ယေရှုသည် ထိုသူတို့ကို ခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ ၄၃သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူး ပြုလိုသော သူသည် သင်တို့အစေခံဖြစ်ရမည်။ ၄၄သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည် လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။ ၄၅အကြောင်းမူကား၊ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။

၄၆ယေရိခေါ မြို့သို့ရောက်ကြလျှင် တပည့်တော်တို့မှစ၍ များစွာသောလူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသောလူကန်းသည် လမ်းနားမှာထိုင်၍တောင်းစားလေ၏။ ၄၇နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင် ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော် မူပါဟု ဟစ်ကြော်လေ၏။ ၄၈ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်လေသော်၊ ၄၉ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကိုခေါ်တော်မူသည်ဟု ဆိုကြ၏။ ၅ဝထိုသူသည် မိမိအဝတ်ကိုခြုံပြီးလျှင်၊ ထ၍ယေရှုထံတော်သို့ သွား၏။ ၅၁ယေရှုကလည်း၊ သင်၌အဘယ် သို့ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊ ၅၂အရှင်ဘုရား၊ အကျွန်ုပ်မျက်စိမြင်စေ ခြင်းငှါ ပြုတော်မူပါဟု လူကန်း လျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူသည် မျက်စိမြင်၍ လမ်း၌နောက်တော်သို့လိုက်လေ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s