မာကု အခန်းကြီး (၈)


၁ထိုအခါ စုဝေးသောသူအလွန်များ၍ စားမရာမရှိလျှင်၊ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍၊ ၂ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူရှိကြပြီ။ စားစရာအလျှင်းမရှိ။ ၃အချို့တို့သည် အဝေးက လာသည်ဖြစ်၍၊ အစာမစားမှီ သူတို့အိမ်သို့ငါလွှတ်လျှင် လမ်းခရီး၌မောကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၄တပည့်တော်တို့ကလည်း၊ ဤတောအရပ်၌ ဤသူတို့ကိုအဘယ်သို့ ဝစွာကြွေးနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊ ၅ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနှစ်လုံး ရှိပါသည်ဟု လျှောက်ကြ၏။ ၆ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ် လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူသည်အတိုင်း သူတို့သည်ထည့်ကြ၏။ ၇အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ထည့်စေခြင်းငှါ မိန့်တော်မူ၏။ ၈ထိုသူတို့သည်စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်း အပြည့်ရ ကြ၏။ ၉စားသောသူအရေအတွက်ကား၊ လူလေးထောင်မျှလောက်ရှိသတည်း။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ၊ ၁ဝတပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ခြင်းဝင်၍၊ ဒါလမနုသ ကျေးလက်သို့ရောက်တော်မူ၏။

၁၁ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ဆွေးနွှေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ရှက်ခြင်းငှါ၊ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကိုတောင်းကြ၏။ ၁၂ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက်၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမပြရဟု မိန့်တော်မူပြီးလျှင်၊ ၁၃ထိုသူတို့ရှိရာမှထွက်၍ တဖန်လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတဘက်သို့ပြန်တော်မူ၏။

၁၄တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှါ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တလုံးတည်းသာ ရှိ၏။ ၁၅ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကို၎င်း၊ ဟေရုဒ်၏ တဆေးကို၎င်း၊ သတိနှင့်ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။ ၁၆တပည့်တော်တို့ကို၎င်း၊ ငါတို့၌မုန့်မပါသောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ ၁၇ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကိုထောက်၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွှေးပြောဆိုကြသနည်း။ ယခုတိုင်အောင်နှလုံးမသွင်း နားမလည်ကြသလော။ သင်တို့စိတ်နှလုံး မိုက်သေးသလော။ ၁၈မျက်စိရှိလျှက်ပင်မမြင်၊ နားရှိလျှက်ပင်မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။ ၁၉မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်းကောက်သိမ်း သနည်းဟု မေးတော်မူလျှင်၊ တစ်ဆယ်နှစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။ ၂ဝမုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ ခုနစ်တောင်း ကောက်သိမ်း ပါသည်ဟု လျှောက်ကြ၏။ ၂၁သို့ဖြစ်လျှင်၊ သင်တို့သည်နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။

၂၂ဗက်ဇဲဒမြို့သို့ရောက်တော်မူလျှင်၊ လူကန်းတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။ ၂၃ကိုယ်တော်သည် လူကန်းကိုလက်ဆေး၍ မြို့ပြင်သို့ထွက်ပြီးမှ၊ သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည်တစုံတခုကို မြင်သလောဟု မေးတော်မူ၏။ ၂၄ထိုသူသည် ကြည့်မျှော်လျှင် လူတို့သည်၊ သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကိုအကျွန်ုပ် မြင်ပါသည်ဟု လျှောက်၏။ ၂၅နောက်တဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ရောက်၍ အလုံးစုံတို့ကိုရှင်းလင်းစွာမြင်လေ၏။ ၂၆ကိုယ်တော်ကလည်း၊ မြို့ထဲသို့ မဝင်နှင့် မြို့၌အဘယ်သူကိုမျှမပြောနှင့်ဟု မိန့်တော်မူ၍ သူ့ကိုမိမိနေရာသို့လွှတ်လိုက်လေ၏။

၂၇ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊ ၂၈လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည်ဟူ၍၄င်း၊ အချို့က ဧလိယ ဖြစ်သည်ဟူ၍၄င်း၊ အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ၍၄င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊ ၂၉သင်တို့လည်း ငါ့ကိုအဘယ်သူ ဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ၃ဝကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့အား ပညတ်တော်မူ၏။

၃၁ထိုမှတပါး၊ လူသားသည်များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။ ၃၂ထိုသို့ အတည့်အလင်းပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍ အပြစ်တင်သောစကားကိုလျှောက်သော်၊ ၃၃ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကို ကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာစွဲလန်းသည်ဟူ၍ ပေတရုကို ဆုံးမတော်မူ၏။

၃၄ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ် ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ငါ့နောက်သို့ လိုက်ရမည်။ ၃၅အကြင်သူသည် မိမိအသက်ကိုကယ်စေခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။ ၃၆လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူး ရှိသနည်း။ ၃၇မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။ ၃၈မျောက်မထားသော ဤအမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကား ကို၎င်းရှက်၏၊ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s