ရှင်ယာကုပ် အခန်းကြီး(၃)


၁ငါ့ညီအစ်ကိုတို့၊ ငါတို့သည်သာ၍ ကျပ်တည်းသောစစ်ကြောစီရင်ခြင်းကိုခံရမည်ဟု သင်တို့သိ၍ အများ သော ဆရာမဖြစ်ကြနှင့်။ ၂ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တကိုယ်လုံးကို ချုပ်တည်းနိုင်သော သူဖြစ်၏။ ၃မြင်းကိုနိုင်ခြင်းငှါ ပစပ်ကို ဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တကိုယ်လုံးကို လှည့်စေတတ်၏။ ၄ထိုမှတပါး၊ အလွန်ကြီးသော သင်္ဘောသည်ပြင်းစွာသောလေဟုန်နှင့် လွင့်သွား သော်လည်း၊ တက်မကိုင်အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့်လှည့် တတ်၏။ ၅ထိုနည်းတူ၊ လျှာသည်ငယ်သော အင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက်များစွာ သောထင်းကို အနည်းငယ်သော မီးသည် ညှိနိုင်သည်ကိုကြည့်ပါလော့။ ၆လျှာသည်မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ် လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကိုညစ်ညှုးစေ၏။ ဇာတိစက်ကို လည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကိုခံလျက်ရှိ၏။ ၇သားရဲမျိုး၊ ငှက်မျိုး၊ တွားတက်သောတိရ တရိစ္တာန် မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်းအောင်ခဲ့ပြီ။ ၈လျှာကိုကား၊ အဘယ်လူမျှ မအောင်နိုင်၊ မဆုံးမနိုင် သောအဆိုးအညစ်ဖြစ်၏။ သေစေတတ်သောအဆိပ်အတောက်နှင့်ပြည့်စုံ၏။ ၉ငါတို့သည်လျှာဖြစ်ခမည်းတော်ဘုရား  သခင်ကိုကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဍန်တော် နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့်ကျိန် ဆဲတတ်ကြ၏။ ၁ဝနှုတ်တပါးတည်းအထဲက၊ ထောမနာ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား၊ ငါ့ညီအစ် ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။ ၁၁စမ်းရေ ပေါက်တပေါက်တည်းအထဲက ချိုသောရေနှင့် ခါးသောရေ ထွက်တတ် သလော။ ၁၂ငါ့ညီအစ်ကိုတို့၊ သင်္ဘော သဖန်းပင်သည် သံလွင်သီးကိုသီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘောသဖန်းသီး ကိုသီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကိုမဖြစ်စေနိုင်။

၁၃သင်တို့တွင်အတတ် အလိမ္မာနှင့်ပြည့်စုံသောပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နူးညံ့ သိမ်မွေ့ခြင်းတကွ၊ ကောင်းမြတ်သောကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကိုပြပါစေ။ ၁၄သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ သမ္မာတရားကို မုသာဖြင့်ဆန်၍ မဝါကြွား ကြနှင့်။ ၁၅ထိုသို့သောပညာ သည်အထက်မှသက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိ ပညာ၊ နတ်ဆိုးပညာဖြစ်၏။ ၁၆အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်းအမျိုးမျိုးရှိတတ်၏။ ၁၇အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညှင်းသောသဘော ရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်းပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏။ ၁၈အသင့်အတင့်နေခြင်းငှါ ပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကိုငြိမ်သက်စွာကြဲတတ်ကြ၏။