လုကာ အခန်းကြီး (၁၀)


၁ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကိုခန့်ထားတော်မူ၍၊ ကိုယ်တိုင် ကြွလေအံ့သောမြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၏။ ၂သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။ ၃သင်တို့သွားလေ သည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကိုငါ စေလွှတ်၏။ ၄ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။ ၅မည်သည့်အိမ်သို့ဝင်သောအခါ၊ ဤအိမ်၌မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြ လော့။ ၆ထိုအိမ်၌ မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည်။ ၇သို့မဟုတ် သင်တို့ထံသို့ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေသည်။ တအိမ်မှတအိမ်သို့ လှည့်လည်၍ မသွားကြနှင့်။ ၈အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏၊ ထိုမြို့၌ သင်တို့ရှေ့မှာထည့် သမျှကိုစားကြလော့။ ၉လူနာများကိုချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည် ထောင် သောအချိန်နီးပြီဟု သူတို့အားဟောပြောကြလော့။ ၁ဝအကြင်မြို့သို့ဝင်၍ မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏ လမ်းသို့ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သောသင်တို့မြို့၏မြေမှုန့်ကို ငါတို့ခါလိုက်၏။ ၁၁သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အနီးသို့ ရောက်ကြောင်းကိုသိမှတ်ကြဟု သူတို့အားပြောကြလော့။ ၁၂ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက်သာ၍ခံရ လတံ့။

၁၃အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်း မူကား၊ သင်တို့တွင်ပြသောတန်ခိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည်ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာထဲမှာထိုင်လျက် နောင်တရကြလိမ့်မည်။ ၁၄တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည်တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။ ၁၅အို ကပေရနောင်မြို့၊ သင်သည်မိုဃ်းကောင်း ကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့။ ၁၆သင်တို့၏စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကိုစေလွှတ်တော် မူသောသူကိုပယ်သည်ဟု မိန့်တော်မူ၏။

၁၇ထိုခုနစ်ကျိပ်သောတပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့်ပြန်လာ၍၊ သခင်၊ ကိုယ်တော် ၏နာမ အားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်ဟုလျှောက်ကြ၏၊ ၁၈ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကိုငါမြင်ပြီ။ ၁၉သင်တို့သည်မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကိုငါပေးမည်။ သင်တို့ကို အဘယ်ဘေးမျှမညှင်းဆဲရ။ ၂ဝသို့သော်လည်း နတ်ဆိုးကိုနိုင်ရသော ကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။

၂၁ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်းစိတ်ရှိသဖြင့်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော် မူသော အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ် ထားလျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလို တော်ရှိသောကြောင့် မှန်ပါ၏၊ အဘ။ ၂၂ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူ ဖြစ်သည်ကို ခမည်းတော်ထံမှတပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို သားတော်နှင့်သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။ ၂၃ထိုအခါ တပည့်တော်တို့ကိုလှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ၏။ ၂၄ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှါ အလိုတော်ရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါအလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။

၂၅တရံရောအခါ ကျမ်းတတ်တယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံအံ့ သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု ကိုယ်တော်ကိုစုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊ ၂၆ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေးတော်မူလျှင်၊ ၂၇ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။ ၂၈ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။ ၂၉ထိုသူကလည်း၊ အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင် သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်၊ ၃ဝယေရှုက၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့်တွေ့ကြုံလေ၏။ ထားပြတို့သည် ထိုသူ၏အဝတ် ကိုချွတ်၍ နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ဖြစ်သောအခါ ပစ်ထား၍သွားကြ၏။ ၃၁ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။ ၃၂ထိုနည်းတူ လေဝိလူတယောက်သည် ထိုအရပ်သို့ရောက်သောအခါ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍သွား လေ၏။ ၃၃ရှမာရိ လူတယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍ မြင်သောအခါ ဂရုဏာစိတ်ရှိသည်နှင့်၊ ၃၄ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရ စ္ဆြွာန်ပေါ်မှာတင်၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ၏။ ၃၅နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ စရပ်ရှင်အားပေးလျက်၊ ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်ဟု ဆို၏။ သင်သည် အဘယ်သို့ထင်သနည်း။ ၃၆ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့်စပ်ဆိုင်သောသူ ဖြစ်သနည်းဟု ပြန်၍မေးတော်မူလျှင်၊ ၃၇ကျမ်းတတ်က လည်း၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟု လျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။

၃၈ယေရှုသည် တပည့်တော်တို့နှင့်ခရီးသွားကြစဉ် ရွာတရွာသို့ဝင်တော်မူ၍၊ မာသအမည်ရှိသော မိန်းမတဦးသည် မိမိအိမ်၌ ကိုယ်တော်ကိုဧည့်ခံလေ၏။ ၃၉ထိုမိန်းမ၌ မာရိအမည်ရှိသောညီမတယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍စကားတော်ကိုနားထောင်လျက်နေ၏။ ၄ဝမာသမူကား လုပ်ကြွေးခြင်း အမှုများ၌စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတယောက်တည်း လုပ်ကျွေးစေခြင်းငှါ ကျွန်မကိုပစ်ထားသည်အရာကို လျစ်လျူသောစိတ်ရှိတော်မူ သလော။ သူသည်ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သော်၊ ၄၁ယေရှုက၊ မာသ၊ မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကိုခံရ၏။ လိုသောအရာတခုတည်းရှိ၏။ ၄၂မာရိမူကား၊ ကောင်းသောအဘို့ကိုရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ နှုတ်မယူရာဟုမိန့်တော်မူ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s