လုကာ အခန်းကြီး (၇)


၁ထိုဒေသနာတော်ကို ယေရှုသည် ပရိသတ်တို့အား အကုန်အစင်ဟောတော်မူပြီးမှ ကပေရနောင် မြို့သို့ကြွဝင်တော်မူ၏။ ၂ထိုမြို့၌ တပ်မှူး၏ကျွန်တယောက်သည် နာ၍ သေခါနီးရှိ၏။ သူ၏သခင်သည် သူ့ကိုချစ်၍၊ ၃ယေရှု၏ သိတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုးအကြီးအကဲတို့ကို အထံတော်သို့စေ လွှတ်သဖြင့်၊ ကိုယ်တော်သည် ကြွ၍ ထိုကျွန်ကို ချမ်းသာပေးတော်မူမည်အကြောင်း တောင်းပန်လေ၏။ ၄ထိုသူတို့သည် ယေရှုထံတော်သို့ ရောက်လျှင်၊ ကျေးဇူးတော်ကိုခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။ ၅သူသည် အကျွန်ုပ်တို့အမျိုးကိုနှစ်သက်၍ အကျွန်ုပ်တို့အဘို့ တရားစရပ်ကိုဆောက်ပါပြီဟူ၍ ကျပ်ကျပ်တောင်းပန်ကြ၏။ ၆ယေရှုသည် သူတို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့်အနီးမဝေး ရောက်တော်မူသောအခါ၊ တပ်မှူးသည် မိမိအဆွေတို့ကိုစေလွှတ်၍၊ သခင်၊ ကိုယ်ကိုပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်းကျေးဇူးတော်ကို အကျွန်ုပ်မခံ ထိုက်ပါ။ ၇ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ရောက်ထိုက်သောသူ မဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော် တခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။ ၈ဥပမာကား၊ အကျွန်ုပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ ဟုခေါ်လျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။ ၉ထိုစကားကို ယေရှုသည် ကြားတော်မူလျှင် အံ့သြခြင်းရှိ၍ နောက်တော်၌ လိုက်သောလူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သောယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူး သေးဟု မိန့်တော်မူ၏။ ၁ဝတပ်မှူးစေလွှတ် သောသူတို့သည် အိမ်သို့ပြန်ရောက်လျှင်၊ အနာရောဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။

၁၁နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ ၁၂မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုဆိုးမ၌တယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုလ်ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။ ၁၃သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့ တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။ ၁၄ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊ ၁၅သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။ ၁၆လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။ ၁၇ထိုသိတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။

၁၈ယောဟန်၏တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံတို့ကို မိမိဆရာအား ကြားပြောကြ၏။ ၁၉ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကိုခေါ် ပြီးလျှင် ယေရှုထံတော်သို့ စေလွှတ်၍၊ ကိုယ်တော်သည်ကြွလာသော သူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။ ၂ဝထိုသူတို့သည် အထံတော်သို့ရောက်လျှင်၊ ကိုယ်တော်သည်ကြွလာသော သူမှန်သ လော။ သို့မဟုတ် အခြားသောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက်စေခြင်းငှါ၊ ဗတ္တိဇံ ဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ် ပါပြီဟု လျှောက်ကြ၏။ ၂၁ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသောသူအများတို့လည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ၏။ ၂၂ထိုအခါ ယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်း သောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ၂၃ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သော သူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။

၂၄ယောဟန်စေလွှတ်သောသူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည်အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက် သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။ ၂၅သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ တင့်တယ်သောအဝတ်ကို ဝတ်ဆင်၍ ကောင်းမွန်စွာစား သောက်သောသူတို့သည် မင်းအိမ်၌နေတတ်ကြ၏။ ၂၆ပရောဖက်ကိုကြည့်ရှုခြင်းငှါ သွားသလော၊ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူ သည်လည်းဖြစ်သည်ဟု ငါဆို၏။ ၂၇ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှု လော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏ တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏ဟုဆိုလိုရာ၌ ထိုသူကိုဆိုလိုသတည်း။ ၂၈ငါဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက်တယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံး သောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။ ၂၉အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ စကားကိုကြားနာရလျှင်၊ ဘုရားသခင်ကိုချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံ ကိုခံကြ၏။ ၃ဝဖာရိရှဲနှင့်ကျမ်း တတ် တို့မူကား၊ သူတို့အကျိုးအလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံ ကို မခံဘဲနေကြ၏။

၃၁ထိုကြောင့် ဤလူမျိုးကို အဘယ်ဥပမာနှင့်ပုံပြရအံ့နည်း။ အဘယ်သူနှင့်တူသနည်း။ ၃၂ပွဲသဘင်၌ထိုင်နေ သောသူငယ်ချင်းတို့သည် တယောက်ကိုတယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည်မကကြ။ ညည်းတွားစွာမြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။ ၃၃အကြောင်းမူကား၊ ဗတ္တိဇံ ဆရာယောဟန်သည် မုန့်ကိုမစား၊ စပျစ်ရည်ကိုမသောက်ဘဲလာသည်ရှိ သော်သင်တို့က၊ ဤသူသည် နတ်ဆိုးစွဲသော သူပါတကားဟု ဆိုကြ၏။ ၃၄လူသားသည် စားသောက်လျက် လာသည်ရှိသော်၊ ဤသူသည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သော သူပါတကားဟု ဆိုပြန်ကြ၏။ ၃၅သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှ တို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်း နှင့်လွတ်၏ဟု မိန့်တော်မူ၏။

၃၆ဖာရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကိုခေါ်ပင့်လျှင်၊ ထိုဖာရိရှဲတို့၏ အိမ်သို့ ကြွ၍စားပွဲ၌လျောင်းတော်မူ၏။ ၃၇ထိုသို့စားပွဲ၌ လျောင်းတော်မူသည်ကို ထိုမြို့၌ဆိုးသောမိန်းမတယောက် သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူခွက်တလုံးကိုယူခဲ့၍၊ ၃၈နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ဆီမွှေးနှင့်လိမ်းလျက်နေ၏။ ၃၉ကိုယ်တော်ကိုခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည်ဆိုးသောသူဖြစ်သည်ဟု ထင်မှတ်၏။

၎ဝယေရှုကလည်း အချင်းရှိမုန်၊ သင့်အားငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့် ရှိတော်မူပါဟု လျှောက်သော်၊ ၄၁ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြား ငါးရာ၊ တယောက်၌ကား ငါးဆယ်ကြွေးရှိ၏။ ၄၂သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူ နှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။ ၄၃ရှိမုန်ကလည်း၊ သာ၍ကျေးဇူး ကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ ဟုလျှောက်လျှင်၊ ယေရှုက၊ သင်ထင်သည် အတိုင်းမှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊ ၄၄ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကို မြင်သလော။ သင်၏အိမ်သို့ငါဝင်သော် သင်သည်ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။ ၄၅သင်သည် ငါ့ကိုမနမ်း။ သူမူကား၊ ငါ့အိမ်သို့ဝင်သောအချိန် မှစ၍ ငါ့ခြေကိုနမ်းလျက် မစဲဘဲနေ၏။ ၄၆သင်သည် ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကိုဆီမွှေး နှင့်လိမ်းလေပြီ။ ၄၇ထိုကြောင့် ငါဆိုသည်ကား၊ သူသည်များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ် တတ်၏။ အနည်းငယ် သော အပြစ်လွတ်သောသူသည် အနည်းငယ်မျှသာချစ်တတ်သည်ဟု မိန့်တော်မူ၏။ ၄၈ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။ ၄၉စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။ ၅ဝယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s