ယောဟန် အခန်းကြီး (၂)


၁သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော် ရှိ၏။ ၂ယေရှုနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။ ၃စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။ ၄ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည်ငါနှင့် အဘယ် သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။ ၅မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အား ဆိုလေ၏။ ၆ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှာ၊ ထိုအရပ်၌ နှစ်တင်း သုံးတင်းခန့်ဝင်သော ကျောက်အိုး စရည်းခြောက်လုံးထားလျက်ရှိ၏။ ၇ယေရှုကလည်း၊ ဤရေအိုး တို့ကို ရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။ ၈ယခုခပ်၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။ ၉ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကိုခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည်မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍၊ ၁ဝအခြားသော သူမည်သည်ကား၊ ရှေ့ဦးစွာကောင်းသောစပျစ်ရည်ကိုထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင်သိုထားပြီဟု ဆို၏။ ၁၁ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။

၁၂ထိုနောက် မယ်တော်မှစ၍ ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊ ၁၃ယုဒပသခါပွဲခံချိန်နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။ ၁၄ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက်ရောင်းသောသူတို့ကို၎င်း၊ ပွဲစားများထိုင်လျက်ရှိသည်ကို၎င်း တွေ့တော်မူ လျှင်၊ ၁၅ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန်တော်မှ နှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊ ၁၆ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏၊ ၁၇ကိုယ်တော်၏အိမ်တော်၌ စွဲလန်းပူပန်ခြင်း စိတ်သည် အကျွန်ုပ်ကိုစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။

၁၈ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်းဟု ဆိုကြ၏။ ၁၉ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။ ၂ဝယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။ ၂၁ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်း ဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏။ ၂၂ထိုကြောင့် သေခြင်းမှထမြောက်တော်မူ သည်နောက်၊ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိကြသဖြင့် ကျမ်းစာကို၎င်း၊ ယေရှု၏နှုတ် ကပတ်တော်ကို၎င်း ယုံကြ၏။

၂၃ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို များစွာသော သူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၂၄သို့သော်လည်း ယေရှုသည် ထိုသူတို့၌ ကိုယ်ကို အပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။ ၂၅လူ၏အထဲ၌ ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကိုသက်သေခံစေခြင်းငှါ အဘယ်သူကိုမျှ အလိုတော်မရှိ။