၂ကော အခန်းကြီး(၇)


၁ထိုကြောင့်ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓြွာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း ပါရမီနှင့် ပြည့်စုံကြကုန်အံ့။

၂ငါတို့ကိုလက်ခံကြလော။ ငါတို့သည် အဘယ်သူကိုမျှမပြစ်မှား။ အဘယ်သူကိုမျှ မယိုယွင်းစေ။ အဘယ်သူ ၏ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ။ ၃သင်တို့ကို အပြစ်တင်၍ ဤသို့ငါဆိုသည် မဟုတ်။ သင်တို့နှင့် အတူအသက် ရှင်ခြင်းငှါ၎င်း၊ သေခြင်းငှါ၎င်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။ ၄သင်တို့ကြောင့်အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့်အလွန်ဝါကြွားခြင်းရှိရ၏။ သက်သာခြင်းနှင့်ပြည့်စုံ၏။ ညှဉ်းဆဲခြင်း ကိုခံလေရာရာ၌ အတိုင်းထက်အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ၅ငါတို့သည်မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ။ အရာရာ၌ညှဉ်းဆဲခြင်းကိုခံရကြ၏။ ပြင်၌ကားတိုက်လှန်ခြင်း ရှိ၏။ အတွင်း၌ကား၊ စိုးရိမ်ခြင်းရှိ၏။

၆သို့သော်လည်းနှိမ့်ချလျက်ရှိသောသူတို့ကို သက်သာစေတော်မူတတ်သောဘုရားသခင်သည်၊ တိတုရောက် လာသော အားဖြင့်ငါတို့ကိုသက်သာစေတော်မူ၏။ ၇တိတုရောက်လာခြင်းအားဖြင့်သာသက်သာစေတော်မူသည် မဟုတ်။ တိတုသည်သင်တို့ဆီမှာ ရသောသက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူ မူကား၊ သင်တို့၏ တောင့်တခြင်းညည်းတွားခြင်း၊ ငါ၏အကျိုးအလိုငှါ စေတနာစိတ်အားကြီးခြင်းအကြောင်းအရာများ ကိုသူသည်ငါတို့အားကြားပြော၏။ ထိုကြောင့်ငါသည်သာ၍ဝမ်းမြောက်ခြင်းရှိ၏။ ၈အထက်ကပေးလိုက်သောစာအား ဖြင့် သင်တို့ကိုဝမ်းနည်းစေသောကြောင့်၊ ငါသည်ယခင်အခါ၌ နောင်တရှိသော်လည်း၊ ယခုအခါ၌မရှိ။ အကြောင်း မူကား၊ ထိုစာသည်သင်တို့ကို ခဏသာ ဝမ်းနည်းစေသည် ကိုငါမြင်၏။

၉သင်တို့ကိုဝမ်းနည်းစေသောကြောင့်ငါဝမ်းမြောက်သည် မဟုတ်။ ဝမ်းနည်းစေ၍နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့်သင်တို့၏ အကျိုးအလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော် နှင့်အညီဝမ်းနည်းစေကြ၏။ ၁ဝအဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသောဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းနှင့် ယှဉ်သောနောင်တစိတ်တည်းဟူသော၊ မပြောင်းလဲနိုင်သော နောင်တစိတ်ကိုပြုပြင်တတ်၏။ လောကီဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။ ၁၁ဘုရားသခင်၏ အလိုတော်နှင့်ညီသောသင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့၌အဘယ်သို့သောသတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုးအလိုငှါစိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကိုပြုပြင်သည်ကို ကြည့်ရှုကြလော့။ သင်တို့သည်ဤအမှု၌အပြစ်ကင်းသည် ကိုအရာရာအားဖြင့် ထင်ရှားပြကြပြီ။ ၁၂ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်းကိုခံရသော သူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကို ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ပြုစုချင်သော စေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်းရှားစေခြင်းငှါ ရေးသတည်း။ ၁၃ထိုကြောင့် သင်တို့၏ သက်သာခြင်း အကြောင်းအားဖြင့်၊ ငါတို့သည်လည်းသက်သာခြင်း သို့ရောက်သည် သာမက၊ တိတု၏ ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍အလွန် ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏ စိတ်နှလုံးကိုသက်သာဝမ်းမြောက်စေကြသည်ဖြစ်၍၊ ၁၄အထက်က ငါသည်သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသောစကားကို ထိုသူအားပြောပြီးလျှင်၊ ယခုရှက်ကြောက်ခြင်းမရှိ။ ငါတို့သည်အရာရာ၌ သင်တို့အားဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်းထင်ရှား၏။ ၁၅သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူ့ကိုလက်ခံ၍ နားထောင် ကြသည် ကိုသူသည်အောက်မေ့သဖြင့်၊ သင်တို့ကိုချစ်သနားခြင်း မေတ္တာ ကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။ ၁၆ငါသည် အရာရာ၌ သင်တို့ကို ယုံနိုင်သောကြောင့်ဝမ်းမြောက်ခြင်းရှိ၏။