၂ကော အခန်းကြီး(၁၀)


၁သင်တို့၏မျက်မှောက်၌ နှိမ်ချခြင်း၊ မျက်ကွယ်၌ သင်တို့အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏ နူးညံ့သိမ်မွေ့ဖြေးညှင်းတော်မူခြင်းကို အကြောင်းပြ၍ သင်တို့ကိုတောင်းပန်ပါ၏။ ၂ငါတို့သည် ဇာတိပကတိ အလိုသို့လိုက်၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သော ရဲရင်ခြင်း အတိုင်း သင်တို့ဆီသို့ ရောက်လာသောအခါ၊ ထိုမျှလောက် ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ၏။ ၃အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။ ၄ငါတို့စစ်တိုက်၍ သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင် ၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။ ၅ထိုလက်နက်အားဖြင့် လူတို့၏အကြံ အစည်တို့ကို၎င်း၊ ဘုရားသခင်ကို သိသောပညာကို ဆီးတားသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်ကြစေကြ၏။ ၆သင်တို့၏ နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော လူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ၏။

၇မျက်နှာကိုသာ ကြည့်မှတ်ကြသလော။ အကြင်သူက၊ ငါသည် ခရစ်တော်၏လူဖြစ်သည်ဟု မိမိ၌စွဲလမ်းခြင်း ရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ လူဖြစ်ကြောင်းကို တဖန်အလိုအလျောက် ဆင်ခြင်သိမှတ်စေ။ ၈သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်း အလိုငှါမဟုတ်။ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာ အကြောင်းမရှိ။ ၉ငါရေး၍ ပေးလိုက်သောစာအားဖြင့်သာ သင်တို့ကို ခြိမ်းချောက်သကဲ့သို့ ငါမပြုလို။ ၁ဝအကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းအနှီး သောစကားကို ပြောသောသူ ဖြစ်သည်ဟု ဆိုတတ်သောသူရှိ၏။ ၁၁ငါတို့သည် ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့် ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက်ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင် သိမှတ်စေ။

၁၂ကိုယ်ကိုကိုယ် ချီးမွမ်းသောသူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့ သည် အချင်းချင်းတယောက်နှင့်တယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။ ၁၃ထိုမှတပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ဝါကြွားခြင်းမရှိဝံ့၊ ဘုရားသခင်ဝေငှတော်မူသော အငန်းအတာ၏ အတိုင်းအရှည်အတွင်းတွင် ပြုသောအရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်တို့တိုင်အောင်ပင် မှီသတည်း။ ၁၄သင်တို့တိုင်အောင် မမှီလျှင်၊ ငါတို့သည် လွန်ကျူး၍ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ သင်တို့ရှိရာသို့တိုင်အောင် ရောက်ကြပြီ။                           ၁၅-၁၆ငါတို့သည်  ကိုယ့်ငန်းကိုယ်တာကို လွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ ဝင်ခြင်းကြောင့် ဝါကြွားလေ့ရှိသည်မဟုတ်။ ထိုသို့ သူ့လုပ်ငန်း သူ့တာအတွင်းတွင် ပြင်ဆင်ပြီးသောအမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ပြည်တဘက်သို့ ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသော အခွင့်ရှိစေခြင်းငှါ၊ သင်တို့၏ ယုံကြည်ခြင်းပါရမီရင့်ပြီးမှ၊ ငါတို့၏ အငန်း အတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။ ၁၇သို့ဖြစ်၍ ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌ သာဝါကြွားစေ၊ ၁၈အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ချီးမွမ်းသောသူသည် ဝန်ခံသောသူဖြစ်သည်မဟုတ်။ ဘုရားသခင် ချီးမွမ်းသောမူခြင်းကို ခံရသောသူသာလျှင် ဝန်ခံတော်မူသောသူ ဖြစ်သတည်း။