၂ကော အခန်းကြီး(၁၁)


၁ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။ ၂အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်ဆံ အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက်နေ၏။ ၃မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကိုအကြွင်းမဲ့ ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။ ၄သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့မဟော မပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကို သည်းခံကောင်း၏။

၅ငါသည် အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။ ၆စကားအားဖြင့် လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့သည် အစဉ်ကိုယ်ကိုကိုယ် ထင်ရှားစွာပြကြပြီ။ ၇သင်တို့ကို မြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ ငါသည်အပြစ်ရှိသလော။ ၈သင်တို့အမှုကို ဆောင်ရွက် မည်အကြောင်း၊ အခြားသောအသင်းတော်များ ပေးသောစရိတ်ကို ငါခံ၍ သူတို့ကိုလုယူရာသို့ ရောက်လေပြီ တကား။ ၉သင်တို့နှင့်အတူ ရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောက်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောက်ရှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။ ၁ဝခရစ်တော်၏ သစ္စာတရားသည် ငါ၌ရှိသည်ဖြစ်၍၊ အခါယပြည် များတို့၌ ဤသို့ငါဝါကြွားသည်အမှုကို အဘယ်သူမျှ မဆီးတားရ။ ၁၁အဘယ်ကြောင့်နည်း၊ သင်တို့ကို ငါမချစ်သလော။ ဘုရားသခင်သိတော်မူ၏။

၁၂အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ထင်ရှားစွာ ဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။ ၁၃အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆြွာတမန်တော်ဖြစ် ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။ ၁၄ဤအမှုသည် အံ့သြ ဘွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ ၁၅သို့ဖြစ်၍ သူ၏ ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ် ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့။ ၁၆တဖန် ငါဆိုသည်ကား၊ ငါ့ကို သူရူးဖြစ်သည်ဟု အဘယ်သူမျှမထင်စေနှင့်။ သို့မဟုတ် ငါဝါကြွားစရာအခွင့် အနည်းငယ်ရှိစေခြင်းငှါ ငါ့ကို သူရူးကဲ့သို့မှတ်၍ သည်းခံကြလော့။ ၁၇ဤသို့ ငါပြောသောစကားမှာ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာဝါကြွားလျက်ပြောဆို၏။

၁၈လူများတို့သည် လောကီအချင်းအရာတို့၌ ဝါကြွားသောကြောင့် ငါသည်လည်း ဝါကြွားရ၏။ ၁၉သင်တို့ သည် လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။ ၂ဝသူတပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။ ၂၁ငါသတို့သည် အစွမ်းသတ္တိမရှိဟု ကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတပါးမှီဝဲ၍ ရဲရင်၏၊ ထိုအရာကို ငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရှုးကဲ့သို့ငါဆို၏။ ၂၂သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် ဣသရေလလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ ၂၃သူတို့သည် ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။ ငါသည်အထူးသဖြင့်ဖြစ်၏ ဟု သူရူးကဲ့သို့ ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ်တွေ့ကြုံသောသူ ဖြစ်၏။ ၂၄ငါးကြိမ်မြောက်အောင် ယုဒလူတို့ လက်တွင် ဒဏ်ချက်လေးဆယ်တခုယုတ် ငါခံခဲ့ရပြီ။ ၂၅သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့်ရိုက်ခြင်းကို၎င်း၊ တကြိမ် ခဲနှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့်တညဥ့်ပတ်လုံး  ပင်လယ်ထဲမှာ နေရပြီ။ ၂၆အကြိမ်ကြိမ်ဒေသစာရီ လှည့်လည်ပြီ။ မြစ်ကိုကူးသောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားခြင်းပြုသောဘေး၊ တပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သောသူတို့ ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။ ၂၇ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာမအိပ်ဘဲ စောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။

၂၈ထိုအပမှုမှတပါး အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ်နှောင့်ရှက် ခြင်းကို ငါခံရ၏။ ၂၉ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ ဘယ်သူဖောက်ပြန်သနည်း။ ၃ဝငါသည်မဝါကြွားဘဲ မနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။ ၃၁ငါသည် မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။

၃၂ဒမာသက်မြို့၌ အရေတ မင်းကြီးခန့်ထားသော မြို့ဝန်သည် ငါ့ကိုဘမ်းဆီးခြင်းငှါ အလိုရှိ၍၊ ဒမာသက် မြို့ကို စောင့်စဉ်တွင်၊ ၃၃တပည့်တော်တို့သည် ငါ့ကိုတောင်း၌ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးအပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။