ေ၇ာမ အခန်ကြီး(၂)


၁သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည် စစ်ကြောစီရင်သောအမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။ ၂ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော် မူခြင်းအရာသည် သမ္မာတရား နှင့်ညီသည်ကို ငါတို့သိကြ၏။ ၃ထိုသို့သောအမှုကို ကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။ ၄ဘုရားသခင်၏ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြု သလော။ ၅ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းဖူးသလော။ ၆ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။ ၇ကောင်းသော အကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကို၎င်း၊ မဖောက်ပြန်သောဇာတိကို၎င်း၊ ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့။ ၈ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကိုနားမထောင်ဘဲ မတရား သဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသောဒေါသ အမျက်ထွက်တော်မူလတံ့၊ ၉ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသ လူ၊ ဆိုးညစ်သောအမှုကိုပြုသောသူ ရှိသမျှတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့။ ၁ဝရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ကောင်းသောအကျင့်ကို ကျင့်သောသူရှိသမျှ တို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့၊ ၁၁ဘုရားသခင်သည် အဘယ်သူ၏ မျက်နှာကိုမျှ မှတ်တော်မမူ။

၁၂ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်ဆီးခြင်းသို့ ရောက်ကြလိမ့်မည်။ ပညတ်တရားကိုသိလျက်ပင် ပြစ်မှားသောသူတို့သည် ပညတ်တရား၏ စီရင်ခြင်းကို ခံရကြလိမ့်မည်။ ၁၃အကြောင်း မူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကိုကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ရောက်လိမ့်မည်။ ၁၄သာသနာပလူတို့သည် ပညတ်တရား တော်ကိုမသိဘဲ၊ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော် ကိုမသိဘဲ၊ ကိုယ်ကျင့်တရားကိုအမှီပြုသဖြင့်၎င်း၊ ၁၅ကိုယ်ကိုကိုယ်သိသော စိတ်နှလုံးသည် သက်သေခံသဖြင့် ၄င်း၊ အချင်းချင်းဆွေးနွှေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်၎င်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသောတရား၏ အကျိုးကို ထင်ရှားစွာပြကြ၏။ ၁၆ငါဟော ပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှားသောအမှုအရာတို့ကို စစ်ကြောစီရင်တော်မူသော နေ့၌ ထိုသို့စီရင်တော်မူလတံ့။

၁၇သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရား သခင်ကို အမှီပြု၍ ဝါကြွားသောသူ၊ ၁၈အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသော အရာတို့ကို ပိုင်းခြားတတ်သောသူ ဖြစ်သည်နှင့်၊ ၁၉လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌နေသောသူတို့ကို လင်းစေသောသူ၊ ၂ဝလူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေး သောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို၎င်း၊ သမ္မာတရားကို၎င်း ရိပ်မိသောသူဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင်၊ ၂၁သူတပါးကို ဆုံးမလျက်ပင် ကိုယ်ကိုဆုံးမသလော။ သူ့ဥစ္စာကိုမခိုး နှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။ ၂၂သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင် ပြစ်မှားသလော။ ရုပ်တုကို စက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။ ၂၃ပညတ်တရား တော်ကို အမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကိုလွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချ သလော။ ၂၄အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။

၂၅သင်သည် ပညတ်တရားကိုကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲဖြစ်ပြန်၏။ ၂၆ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏အရေဖျားမလှီးဘဲအဖြစ်ကို အရေဖျား လှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။ ၂၇အရေဖျားလှီးခြင်းကို မခံသောသူသည် ကိုယ်အလိုအလျောက် ပညတ်တရားကိုကျင့်လျှင်၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည်မဟုတ်လော။ ၂၈အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်းအမှန်မဟုတ်။ ၂၉အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်း လည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ ထိုသို့အရေဖျားလှီးခြင်းကို ခံသောသူ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့်အလိုတော် နှင့်ဆိုင်သတည်း။